ကုသိုလ်ဆိုတာကောင်းတဲ့ အလုပ်ဘဲ မဟုတ်လား ၊ ဒီတော့ ဘယ်လောက် တစ်ခါလုပ်သင့်သလဲ ၊ တစ်ပါတ်တစ်ခါလား ၊ တစ်လ တစ်ခါလား လို့ မိမိကိုယ်ကိုယ် ပြန်ဆန်းသပ်ကြည့်သင့်တယ် ။ ငါ မနက်ဖြန် အလုပ်တက် ရအုံးမယ်၊ စာကျက်ရအုံးမယ် နဲ့ ကုသိုလ် လေးတွေ လုပ်ဖို့ မေ့နေတတ် ကြတယ် ။
ဆရာတော် တစ်ပါး က ဥပမာ တစ်ခု ပေးဖူးတယ် ၊ ခွက်တစ်ခု ထဲ ကို ဂေါက်သီးလုံးတွေ အပြည့်ထည့်လိုက်ပါတဲ့ ၊ နောက်ထပ် ထည့်လို့ရသေးသလား လို့ မေးတော့ မရတော့ပါဘူး လို့ ဖြေလိုက်တယ် ၊ ကဲ ဒါဆို ကျောက်စလစ်လုံး သေးသေးလေးတွေ ထည့်လိုက်ပါတဲ့ ၊ အဲဒီတော့ ၀င်သွားတယ် ။ ဂေါက်သီးလုံး တွေ နဲ့ ကျောက်စလစ်လုံး လေးတွေ ခွက်ထဲ မှာ အတူ ရှိ မနေဘူးလား ။
ဒီသင်ခန်းစာ မှာ ဂေါက်သီးလုံးတွေ က ကိုယ်နေ့တိုင်းလုပ်နေရတဲ့ ပုံမှန် အလုပ်သွား ၊ ဟင်းချက် ၊ အိမ်သန့်ရှင်းရေး စတာတွေ နဲ့ မတူဘူးလား ။ ကျောက်စလစ်လုံးတွေ က နေ့စဉ် လုပ်နေကျ ဘုရားရှိခိုး ၊ ဆွမ်းတော်ကပ် ၊ တရားထိုင် စတဲ့ ကုသိုလ်တွေ နဲ့ မတူနေဘူးလား ။ ကုသိုလ် ဆိုတာ သေးသေးမွှားမွှား လဲ ကုသိုလ်ဘဲ ၊ ကထိန် ခင်း မှ ကုသိုလ် လို့ ခေါ်တာ မဟုတ်ဘူး ။
ဒီလို နဲ့ တစ်ရက် တစ်ရက် ကို ၅ မိနစ် ဘဲ ဖြစ်ဖြစ် ၁၀ ၊ ၁၅ မိနစ် ဘဲ ဖြစ်ဖြစ် တဖြေးဖြေးနဲ့ လုပ်လာ ရင် တစ်လ ကြာရင် ၊ တစ်နစ် ကြာရင် ဘယ်လောက် ဖြစ်လာမလဲ ၊ တဖြေးဖြေး နဲ့ များမလာဘူးလား ။ ကိုယ်လုပ်ထားတဲ့ ကုသိုလ်တွေ ကိုလဲ စာအုပ်တစ်ခု နဲ့ ဖြစ်ဖြစ် မှတ်ထားသင့်တယ် ၊ ဒါမှ နောင်တစ်ခါပြန်ကြည့်တဲ့ အခါ အလွန်အားရ ပီတိ ကျေနပ်မူ တွေ ဖြစ်လာမယ် ။ တဖြေးဖြေးနဲ့ စုရင်းများလာရင် ပါဝါကြီး လာတာပေါ့ ။ ပါဝါရှိလေ ကုသိုလ် ဆက်လုပ်ဖို့ စိတ်စေတနာ ပိုပြီး ထက်သန်လာမည်မှာ မလွဲ ပေ ။
Monday, January 5, 2009
Thursday, August 7, 2008
လောကီမင်္ဂလာ
လူ့ဘ၀ဆိုတာ ရဖို့ခဲရင်းသလိုဘဲ သာသနာနှင့်ကြုံဆုံရဖို့ဆိုတာကလဲ ခဲရင်း တယ်။ လကွယ်နေ့ည မှောင်မိုက်တဲ့အထဲမှာ လျှပ်စီးလေးတချက်လက်လိုက်တဲ့အခါမှာ အလင်းရောင်တန်းလေးကို ခဏသာမြင်ရတယ်။ အဲဒီလိုဘဲ သာသာနာဆိုတာ ကြုံရဖို့ခဲရင်း တယ်။ ဒါကြောင့်ကိုယ့်ဘ၀ကို အဓိပ္ပါယ်ရှိအောင် အကျိုးရှိအောင် အသုံးချတတ်ဖို့လိုတယ်။ မိရိုးဖလာဗုဒ္ဓဘာသာအဖြစ်သာ တင်းတိမ်မနေဘဲနှင့် မှန်ကန်တဲ့အယူဝါဒရှိဖို့ လိုအပ်တယ်။ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ဖြစ်ဖို့ကလဲ ခဲရင်းတယ်။ တချို့လူများ လောကီမင်္ဂလာ ကို ယုံကြည်မှုလွန်ကဲနေတတ်ကြတာတွေ့ရတယ်။ စကားလုံးအသံထွက်အပေါ်မှာ မူတည်ပြီး တော့ ကိုယ်လိုရာ် အဓိပ္ပါယ်ကောက်ပြီးတော့ ကောင်းဖြစ်၊ ဆိုးဖြစ်ကို ဆုံးဖြတ်တတ်ကြတာကို တွေ့ရတယ်။ အဲဒီလိုလွမ်းမိုးမှုဒဏ်ကို ခံနေကြတဲ့သူများမှာ ဘုရားကို လှူတာတောင်မှ အဓိပ္ပါယ်ကောက်လွဲနေကြတယ်။ ဆိုကြပါစို့ ဘုရားကို နှင်းဆီပန်းမလှူကောင်းဘူး၊ ကြာပန်း မလှူကောင်းဘူးလို့ အယူစွဲနေကြတယ်။ နှင်းဆီပန်းကဆူးတွေနှင့်မို့ လှူရင် ဆူးညှောင့်ခခုတ် ရှိတတ်တယ်၊ ကြာပန်းလှူရင် သံသရာမှာကြာနေတတ်သလိုဘဲ ပစပ္ပါန်လုပ်ငန်းတွေမျှာလဲ ကြန့် ကြာတတ်တယ်လို့ အယူစွဲနေကြတယ်။ အမှန်ကတော့ နှင်းဆီပန်းဆိုတာ အရောင်အဆင်း အနံ့နှင့်ပြည့်စုံတဲ့ပန်းကိုလှူရင် ကုသိုလ်ရပါတယ်။ စပျစ်သီးကိုလှူရင် ပျက်စီးတတ်တယ်။ ဖရဲ သီးကိုလှူရင် ဖရိုဖရဲဖြစ်တတ်တယ်။ မာလကာသီးလှူရင် မလကသွားရတတ်တယ်။ သေတတ် တယ်လို့စွဲတဲ့လူလဲရှိတယ်။ လိမော်သီးလှူ အလိမ်ခံရတတ်တယ်။ ပန်းသီးလှူရင် ကိုယ်ပန်း စိတ်ပန်းဖြစ်တတ်တယ်။ သြဇာသီးလှူရင် သြဇာရှိတယ်။ ကံကောင်းချင်ရင် ကံစွန်းရွက်လှူရတယ်။ ကံကော်ချင်ရင် ကံ့ကော်ပန်းလှူ၊ ရာထူးအာဏာ တည်မြဲချင်တယ်ဆိုရင် မပြောင်းရွေ့ချင်ရင် ပြောင်းဖူးလှူ၊ အသက်ရာကျော်ရှည်ချင်ရင် ဘရာကျော်လှူရတယ်။ ကြာကြာစံချင်ရင် ကြာဇံ ကျော်လှူရတယ်။ ထင်ပေါ်ကျော်ကြားချင်ရင် မုံ့လုံးရေပေါ်လှူရတယ်။ ထူးးထူးခြားခြား ကွဲ နေတဲ့လင်မယား၊ ချစ်သူအချင်းချင်း ပြန်ပေါင်းစေချင်ရင် ပြန်ပေါင်းထုတ်လှူ၇တယ်။ ကွဲနေ တာပြန်စေ့ချင်ရင် ကွာစေ့လှူရတယ်။ နေ့ခြင်းညခြင်း စီးပွါးတက်ချင်တယ်ဆိုရင်တော့ ဂျင်းတက်ကိုလှူရတယ်။ အဲဒီအယူအဆတွေက မှားယွင်းတဲ့အယူအဆတွေပါ။ တချို့ကျတော့လဲ မိုးခြိမ်းရင် နမိတ်မကောင်းဘူး၊ အိမ်မက်အပေါ်မူတည်ပြီးတော့ လဲ နမိတ်တွေကောက်တတ်ကြတယ်။ ပက်လက်အိပ်ရင်း မက်တဲ့အိမ်မက်က အဓိပ္ပါယ်တမျိုး ၊ စောင်းအိပ်ရင်း မက်တဲ့အိမ်မက်ကျတော့ တမျိုးအဓိပ္ပါယ်ရှိတယ်။ ညဦးရံမက်တဲ့အိမ်မက်နှင့် လင်းခါနီးမက်တဲ့အိမ်မက်ကလဲ မတူပြန်ဘူး။ အပေါ်သွားကြိုးသွားတယ်ဆိုရင် ကိုယ့်ထက် အသက်ကြီးတဲ့သူရဲ့ အသက်အန္တရယ်ရှိတယ် စသည်ဖြင့် အိမ်မက်အပေါ်မှာ စွဲလန်းတဲ့ အယူကို လဲ အယုံကြည်သန်တတ်ကြတယ်။ ခရီးထွက်ခါနီးမှာ မှန်ကျကွဲတယ်ဆိုရင် အတိတ်နမိတ်မကောင်းဘူး။ ကွဲတတ်တဲ့ အမျိုးမို့ ထိမိခိုက်မိလို့ကွဲတာဘဲလို့ တွေးယူသင့်တယ်။ တချို့ကျတော့လဲ သားသမီးမွေးတာ တောင်မှ သားဦးစနေ မီးလိုမွေတယ်လို့ ပြောတတ်ကြတယ်။ ခွန်နှစ်ရက်သာရှိတဲ့အတွက် မွေးဖွါးချိန်ရောက်နေရင် အောင့်ထားလို့ရတာမျိုးမှ မဟုတ်တာဘဲ။ ဘယ်နေ့မွေးမွေး သားသမီး ဆိုတာ ရတနာပါဘဲ။ တချို့ကျတော့ ကိုယ်သူအိမ်သားတယောက်ယောက် ခရီးသွားနေချိန်မှာ ခေါင်း မလျှော်ကောင်းဘူး။ မင်္ဂလာဆောင်မသွားကောင်းဘူးဆိုတဲ့ အယူအဆမျိုးလဲရှိတယ်တယ်။ တချို့ကတော့ ညအချိန် လက်သဲညှပ်ရင် လဒ်တိတ်တတ်တယ်လို့ ပြောတတ်ကြတယ်။ တကယ်တော့ ညအချိန် အလင်းရောင်မရှိတဲ့အတွက် အသားညှပ်မိမှာစိုးရတယ်ဆိုရင် လက်ခံနိုင်ဖွယ် ပိုကောင်းပါတယ်။
Friday, July 4, 2008
အချစ် နှင့် မေတ္တာ
သတ္တ၀ါတိုင်း ဘေးရန်ကင်းကွာချင်သူချည်းဘဲ၊ မိမိရဲ့ချမ်းသာရေးကို မလိုလားဘူးဆိုတဲ့သူ ဆိုတာလောကမှာ မရှိနိုင်ဘူး။ ဘေးရန်ကင်းကွာစွာနေထိုင်ရခြင်း အကျိုးအလို့ငှါ နည်းလမ်းတွေ ရှာဖွေကြတယ်။ ရှာရင်းနှင့်ဘဲ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်ကြရတယ်။ ဘေးရန်တွေနှင့်ဘဲ ကြုံတွေ့နေကြရတယ်။ နည်းလမ်းမမှန်၊ အကျင့်မမှန်ကြလို့သာ ကိုယ်ဖြစ်ချင်သလို မဖြစ်ကြရတာပါ။ ဒါကြောင့်တကယ်စိတ်ချမ်းသာချင်တယ်ဆိုရင် ဒီကျင့်ဝတ်ကိုလက်တွေ့ကျင့်သုံးကြည့်ပါ။
တခြားတော့မဟုတ်ဘူး၊ သတ္တ၀ါတိုင်းရဲ့အပေါ်မှာ မေတ္တာထားကြည့်လိုက်ပါ။ မေတ္တာဆိုတာ ချစ်တာနှင့်မတူဘူးဆိုတာတော့ သတိပြုရလိမ့်မယ်။ မေတ္တာထဲမှာ ချစ်တာတွေရောနေလို့ ဆင်းရဲနေကြရတာပါ။ ဦးဆုံးအချစ်အကြောင်း ပြောမယ်။
အချစ်ကို သုံးမျိုးခွဲနိုင်တယ်။
၁. တဏှာနှင့်ချစ်တာ လင်မယားချစ်
၂. မောင်နှစ်မချစ်၊ မိဘနှင့်သားသမီးချစ်၊ ဆရာတပည့်ချစ်
၃. မိတ်ဆွေချစ် အကျိုးမျှော်ပြီးတော့ ချစ်ခင်တာမျိုး
လင်မယားချစ်ကျတော့ တဏှာနှင့်ချစ်တာမို့ ပိုပြီးတော့ သံယောဇဉ်လဲကြီးတယ်။ အချစ် ကြီးတယ်လို့ပြောရမယ်။ နက်ရှိုင်းတာမို့ ဖြတ်ရခက်တယ်။ မနာလိုမှု ၀န်တိုမှု တွေလဲပါနိုင်တယ်။ ဒီအချစ်ကြောင့်ဘဲ လူတွေဟာစိတ်ဆင်းရဲရတာတွေများတယ်။ အချစ်တခုဟာ ဒုက္ခတခုဘဲ။ကောင်းစေလိုတဲ့စိတ် ချမ်းသာလိုတဲ့စိတ်နှင့်ချစ်တာမျိုးကျတော့ အေးမျှတယ်။ အဲဒါကမေတ္တာပါ။ လင်မယားချစ်မှာ နှစ်မျိုးလုံးပါဝင်ပေမဲ့ တဏှာယာဂနှင့်ချစ်တာက ပိုများတယ်။ မောင်နှမချစ်၊ မိဘနှင့်သားသမီးချစ်၊ ဆရာတပည့်ချစ်ထဲမှာလဲ အချစ်နှင့် မေတ္တာရောနေ တာပါဘဲ။ ဒါပေမဲ့ လင်မယားချစ်ကတော့ ပိုပြီးတော့ တဏှာများတယ်။ အတွယ်များတယ် နက်ရှိုင်းတယ်။မိတ်ဆွေအချင်းချင်း ချစ်ခင်တာကျတော့ သူလိုတဲ့အခါငါကူညီလို့ ငါလိုတဲ့အခါ သူကဖြည့်ဆည်းလို့ ချစ်ခင်တွယ်တာကြတယ်။ ဒါလဲ အချစ်နှင့် မေတ္တာရောနေသေးတာ ဘဲ။ ဒါကျတော့ အတွယ်နည်းနည်းပေါ့သွားတာပေါ့။ တဏှာချစ်ကျတော့ ကိုယ်တဦးတည်းပိုင်ဆိုင်ချင်တယ်။ ကိုယ့်အပြင်သူတပါးကို ချစ်ခင် တွယ်တာသွားမှာကို မလိုလားဘူး။ မနာလို ၀န်တို စိတ်တွေ ဖြစ်စေနိုင်တယ်။ သူ့ကြောင့် သောကတွေ ပရိဒေ၀တွေဖြစ်ရတတ်တယ်။ သူတို့ကို အာရုံပြုလိုက်ရင် စိုးရိမ်မှုတွေ သောကကြောင့်ကျမှုတွေဝင်လာတတ်တယ်။ ဒါတွေဟာ အပူတရားတွေချည်းပါ။ အပြစ်လုပ်ရင်လဲ ခွင့်မလွတ်နိုင်ဘူး။ မကျေနပ်မှုတွေဖြစ်ရတတ်တယ်။ မေတ္တာကျတော့ သူတို့ကို အာရုံပြုမိတဲ့အခါ စိတ်ထဲမှာအေးမျှလာတယ်။ မေတ္တာလား တဏှာလားဆိုတာကို ဝေဖန်ကြည့်လိုက်ပါ။ စိတ်ထဲမှာ စိုးရိမ်လာမှုတွေပေါ်လာရင် မေတ္တာ မဟုတ်ဘူး တဏှာနှင့်တွယ်နေတာလို့ မှတ်လိုက်ပါ။ မေတ္တာကျတော့ ခွင့်လွတ်တယ်၊ မိမိမေတ္တာရှိသူရဲ့အကျိုးကို လိုလားတယ်။ သူစိတ်ဆင်းရဲမှာကို မလိုလားဘူး။ သူချမ်းသာ တာကိုဘဲ မြင်လိုကြားလိုတယ်။ ဒါကြောင့် ဘယ်သူ့အပေါ်ဘဲဖြစ်ဖြစ် တဏှာနှင့် မခင်တွယ်ဘဲ၊ မေတ္တာနှင့် တဦးကို တဦး စောင့်လျှောက်နိုင်ကြမယ်ဆိုရင်တော့ အေးချမ်းလာနိုင်တယ်လို့ ဆရာသမားတွေက အကြံပေးတယ်။ မေတ္တာသမားဆီမှာ ရန်ညှိုး ဖွဲ့ထားတဲ့သူဆိုတာမရှိရဘူး။ ဒါပေမဲ့ ကိုယ့်ကိုနစ်နာအောင် လုပ်မယ်ပြောခဲ့မယ်ဆိုရင်တော့ စိတ်ထဲမှာ ခုနေမိမှာအမှန်ဘဲ။ အဲဒီအခါကျရင် ထိုသူကို ခွင့်လွတ်နိုင်အောင်ကြိုးစားရလိမ့်မယ်။ လူတယောက်ဟာ ဘယ်တော့မှ ခြောက်ပစ်ကင်းသဲလဲစင် မဖြူစင်နိုင်ဘူး။ မတော်နိုင်ဘူး။ ဒါပေမဲ့ လူတကိုယ်မှာတော့ ကောင်းကွက်လေးတော့ ကိုယ်စီရှိတတ်ကြပါတယ်။ ကောင်းကွက်ကိုရှာ မေတ္တာတဲ့။ သံသရာဆိုတာ အရှည်ကြီးဘဲတဲ့။ ကိုယ်နှင့်အဆင်မပြေ ဖြစ်နေတဲ့သူဟာ အတိတ်ဘ၀တခုခုမှာ ကိုယ့်ရဲ့ မောင်နှမ မိဘ တမျိုးမျိုး မတော်ခဲ့ဘူး လို့ ဘယ်လိုမှ မပြောနိုင်ဘူး။ ဒါကြောင့် ခွင့်လွတ်ဖို့ သီးခံဖို့ ဒီလိုတွေးပြီးတော့လဲ မေတ္တာထားကြည့်လိုက်ပါတဲ့။
ကြိုးစားပြီးတော့ မေတ္တာများများထားနိုင်အောင် ကြိုးစားကြည့်ကြရအောင် . . .
Sunday, June 22, 2008
ဘ၀ရည်ရွယ်ချက်
ဘ၀မှာရည်ရွယ်ချက်ရှိရမယ်။ တတ်နိုင်ရင်တော့ အများကောင်းကျိုးကို သက်ပိုး ဆောင်ရွက်ရမယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ အသားဖြူတဲ့သူ အသားမဲတဲ့သူလို့ မခွဲခြားရဘူး။ သူကဆင်းရဲလို့ သူကချမ်းသာလို့၊ သူကငါ့အမျိုးမို့ သူကတော့ တစိမ်းမို့ဆိုတာ မျိုးလဲ မခွဲခြားရဘူး။ အားလုံးအပေါ် တပြေးညီ ကောင်းစေလိုတဲ့စိတ်ထားနှင့် ကူညီဆောင်ရွက် ရမယ်။ သက်ရှိသတ္တ၀ါ တိုင်းအတွက် လူမျိုးအားလုံးအတွက် ညီတူညီမျှဆောင်ရွက်ပေးရမယ်။
အထက်ပါအတိုင်းမလုပ်နိုင်ရင်တောင်မှဆွေမျိုးတွေရဲ့အကျိုး၊မိတ်ဆွေသူငယ်ချင်းရဲ့အကျိုး၊ ရပ်ရွာရဲ့အကျိုး စီးပွါး အတွက် ကောင်းကျိုးဆောင်ရွက် ပေးရမယ်။ ဆွေမျိုးဆို တော့လဲ အမေဖက်ကအမျိုး အဖေဖက် ကအမျိုးလို့မခွဲခြားရဘူး။ မိတ်ဆွေလဲဒီအတိုင်းဘဲပေါ့။ သူ့ကိုပိုခင်လို့၊သူကငါ့အပေါ် စိတ်ကောင်း မရှိလို့ ဆိုတာ မျိုးမခွဲခြားရဘူး။တပြေးညီကူညီပံ့ ပိုးပေးနိုင်ရမယ်။သူတပါးရဲ့အကျိုးကို ဆောင်ရွက်တယ်ဆိုတာ ပရဟိတလုပ်ရပ်ပါ။
နောက်တခု ထားရမဲ့ရည်ရွယ်ချက်ကတော့ ကိုယ့်အတွက်ကောင်းအောင် အကျိုးရှိ အောင် လုပ်ဆောင်ရမယ်။ ဒါမှလဲ လူဖြစ်ရကျိုးနပ်လိမ့်မယ်။ ကိုယ်ကျင့်တရား ကောင်းမွန်ဖို့လိုအပ်တယ်။ ကိုယ်ကျင့်တရားဆိုတာ ကိုယ်၏စည်းကမ်း၊ နှုတ်၏စည်းကမ်းနှင့်ပြည့်စုံမယ်ဆိုရင် ကိုယ်ကျင့်တ ရားကောင်းတာပါဘဲ။ တနည်း ပြောရရင်တော့ ငါးပါးသီလလုံခြုံရင် ကိုယ်ကျင့်တရားပြည့်စုံတဲ့သူ ဖြစ်နေပါပြီ။
စကားပြောရင် မှန်တာကိုဘဲပြော၊ ရိုးရိုးသားသားပြော၊ ယဉ်ယဉ်ကျေးကျေးပြော။ ဒီလိုပြောရုံတင်မကသေးဘူး၊ မိမိအတွက်ကော သူတပါးအတွက်ပါ အကျိုးရှိတဲ့စကားမျိုးကိုဘဲ ရွေးပြောရမယ်။ ဒီပြင် ချစ်ခင်ညီညွတ်တဲ့ စကားမျိုးကို ပြောရမယ်။ ချစ်ခင်နေတဲ့ သူကြားမှာ စိတ်ဝမ်းကွဲသွားစေမဲ့စကားမျိုးဆိုရင် မပြောရဘူး ရှောင်ရှားရမယ်။ ကြားစေ့ပေးတဲ့စကားမျိုးကို ဘဲရွေးပြီးတော့မှ ပြောရမယ်။ နားချမ်းသာမဲ့ စကားမျိုးကိုသာပြောပါ၊ သိမ်ဖျင်းတဲ့စကားမျိုးဆိုရင် ရှောင်ရှားရမယ်။
ဗုဒ္ဓရဲ့အဆုံးအမတွေဟာ လူမျိုးမရွေး ဘာသာမရွေး လိုက်နာကျင့်သုံးလို့ရတယ်။ တရားဓမ္မဆိုတာ အဆုံးအမတွေဘဲ သူ့ကို သင်ကြားရမယ်၊ ကျင့်သုံးရမယ်၊ ဒါဆိုရင်ထိုးထွင် သိမြင်လာမယ်။ တနည်းပြောရရင်တော့ သင်ကြားခြင်းဆိုတာကို ပရိယတ္တိ၊ ကျင့်သုံးခြင်းကိုတော့ ပရိပတ္တိလို့ခေါ်ပြီးတော့ ထိုးထွင်းသိမြင်တာကိုတော့ ပရိဝေတ လို့ခေါ်တယ်။ သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာလို့လဲ ခေါ်တယ်။ တနည်းအားဖြင့် နည်းလမ်း ၊ စည်းကမ်း၊ သဘောတရားလို့ ပြောရင်လဲရတယ်။
စကားပြောတဲ့အခါမှာ ပါးစပ်စည်းကမ်းရှိရမယ်လို့ ပရိတ်ကြီး (၁၁) သုပ်ထဲက မင်္ဂလာသုတ်မှာ ထုတ်ဖေါ်ဟောကြားထားတယ်။ (၃၈) ဖြာမင်္ဂလာမှာပါတယ်။ ကိုယ့်ပါးစပ်က စကားကောင်းကောင်း ပြောမယ်ဆိုရင် ကိုယ့်မှာမင်္ဂလာဖြစ်နေပြီ။ ကိုယ်အမူအယာကောင်းမယ်ဆိုရင်လဲ မင်္ဂလာဖြစ်နေတာပါဘဲ။ နေနည်း၊ထိုင်နည်း၊ ပြောနည်း၊ တွေကို သင်ကြားပေးထားတာဟာ ဘ၀နေနည်း နည်းလမ်း တွေပါဘဲ။ ကိုယ်ယဉ်ကျေးမယ်၊ နှုတ်ယဉ်ကျေးမယ်ဆိုရင် ဘ၀နေနည်းစည်းကမ်းတွေကို လိုက်နာကျင့်သုံးနေ တဲ့သူပါဘဲ။ အဲဒီလိုနေထိုင်သူဟာ အလိုလိုနေရင်းမင်္ဂလာဖြစ်နေတာဘဲ။
သူတပါးကို ထိခိုက်အောင် ကာယကံမြောက်တော့ မလွန်ကြူးဘူး ဒါပေမဲ့စိတ်ထဲ မှာတော့ ထိခိုက် နစ်နာသွားအောင် ကြံစည်နေတတ်တယ်။ ဒါကြောင့် ကိုယ်နှုတ်ကို စည်းကမ်း နှင့် ထိန်းထားနိုင်ရင်ဘဲ လူကောင်းတယောက်ဖြစ်နေပါပြီ။ ဒါပေမဲ့စိတ်ချမ်းသာချင်မှ ချမ်းသာမယ်။ ဒါကြောင့်စိတ်ကိုလဲ စည်းကမ်းထားဖို့လိုအပ်တယ်။ စိတ်ကို ထိန်းဖို့ဆိုတာ သိပ်တော့မလွယ်ဘူး ။ လေ့ကျင့်ယူမှရမယ်။ စိတ်ဆိုတာ မျောက်နှင့်တူတယ်။ အငြိမ်မနေတတ်ဘူး။ ဟိုခုန်ဒီခုန်ကူးနေတာ။ စိတ်ယဉ်ကျေးအောင် ငြိမ်အောင်လေ့ကျင့် လုပ်ရမယ်။ လေကျင့်ရင် သမာဓိ ရှိရင်ရပါတယ်။ ဒါလူတိုင်းကျင့်လို့ရတယ်၊ ဘာသာရေးနှင့်မဆိုင်ဘူး။
စိတ်စည်းကမ်းရှိလာရင် ချမ်းသာလာမယ်။ ကိုယ်စည်းကမ်းနှင့် စိတ်စည်းကမ်းနှင့် ပြည့်စုံလာရင် လူကောင်းဖြစ်ပြီ။ လူကောင်းဖြစ်ပြီးရင် လူဖြောင့်ဖြစ်ဖို့လိုအပ်တယ်။ သတိပညာရှိဖြစ်ဖို့ လိုအပ်သေးတယ်။ မိမိစိတ်ရဲ့သဘော ရုပ်ရဲ့သဘောကိုသိရင် ပညာပါလာပြီ။ ပညာရှိမှသာလျှင် မိမိကိုယ်ထဲမှာ စိတ်ထဲမှာ အသေးစိပ် ဘာတွေဖြစ်နေတယ်ဆိုတာကိုလဲ သိနိုင်တယ်။ ဒါ့ပြင် လူတိုင်းအပေါ်မှာ မေတ္တာထားနိုင်ရမယ်၊ မေတ္တာဆိုတာ ချစ်သ၊ူ မုန်းတဲ့သူလို့ မခွဲခြားဘဲ သူတပါးအကျိုးစီးပွါးကို လိုလားတာဘဲ။ ဂရုဏာ ကျတော့ဒုက္ခရောက်နေသူတိုင်းအပေါ်မှာ သနားကျင်နာတာ ကူညီ ထောက်ပံ့တာဘဲ။ ဘယ်သူဘဲ ကြီးပွါးချမ်းသာပါစေ အောင်မြင်သူတိုင်း အပေါ်မှာ ကျေနပ် ၀မ်သာပေးနိုင်မယ်ဆိုရင် မုတိတာ စိတ်ထားရှိတယ်လို့ ပြောရမယ်။ ဒါဟာ ဘာသာရေးနှင့် မဆိုင်ဘူး။ လူတိုင်း နေ့စဉ်ကျင့်သုံးနိုင်တဲ့ တရားတွေဘဲ။
နှလုံးသား ကတော့ နူးညံ့ပါတယ်၊ အုပ်ချုပ်မှုပညာမတတ်ရင်လဲ မဖြစ်သေးဘူး။ အုပ်ချုပ်မှုက သိပ်အရေးကြီးပါတယ်။ ပညာတော့ တော်ပါရဲ့ သီလမဖြူစင်ဘူး ကိုယ်ကျင့်တရား မကောင်းမွန်ဘူး မေတ္တာတရားခေါင်းပါနေမယ်။ သူတပါးကိုလဲ သနားကျင်နာစိတ် မရှိဘူး၊ ကိုယ်ချင်း စာတရား မရှိနေဘူးဆိုရင်လဲ မဖြစ်သေးဘူး။ သူတပါးကြီးပွါးချမ်းသာ နေတာကို မနှစ်မြို့နိုင် ၀မ်းမမြောက်နိုင်ဘဲ ဣသာမိစ္ဆရိယများနေမယ် မုတိတာမပွါးများနိုင်ဘူးဆိုရင် ဒီလူဟာ သိပ်အန္တရယ်များတဲ့ လူစားမျိုး ဖြစ်သွားပြီ။ ဒါကြောင့်ကိုယ့်ဘ၀ရဲ့ ရည်ရွယ်ချက်ဟာ သူတပါးကောင်းကျိုးကို မဆောင်ရွက်နိုင်စေကာမူ မိမိကောင်းကျိုး ပြည့်စုံအောင် ဆောင်ရွက်ရင်း နှင့် မိမိပတ်ဝန်းကျင်ကို ချမ်းသာအောင် နေထိုင် တတ်အောင် ကြိုးစားသင့်လှတယ်။

Thursday, June 19, 2008
ငါးပါးသီလ
သတ္တ၀ါတို့ချမ်းသာဖို့အတွက် ငါးပါးသီလကို ပြည့်စုံအောင်ကြိုးစားသင့်တယ်။
သူတပါးအသက်ကို မသတ်ခြင်းသည် ငရဲကျမှာကြောက်လို့ မသတ်တာထက် သူတပါးမဆင်းရဲဖို့ ချမ်းသာဖို့ ညှာသာလို့ သနားကြင်နာလို့ မသတ်ခြင်းက ပိုမွန်မြတ်တာပေါ့။
သူတပါးပစ္စည်းကို မခိုးယူဘူးဆိုတဲ့နေရာမှာ သူတပါးမကြည်ဖြူတာကိုလဲ မယူသင့်ဘူး။ လဒ်ပေးလဒ်ယူတာဟာလဲ တနည်းအားဖြင့် မတရားယူတာပါဘဲ။ တချို့ ရုံးတွေမှာ အချိန်ပြည့်အလုပ်မလုပ်ဘဲ လက်ဖက်ရည်ဆိုင်တွေမှာ အချိန်တွေခိုးနေကြတာလဲ စဉ်းစားစရာဘဲနော်။
စကားတည်ကြမယ်၊ မလိမ်ဘူး ၊ ဂတိတည်ကြမယ်ဆိုရင်လဲ စာချုပ်စာတမ်းတွေလဲ လိုအပ် တော့မှာမဟုတ်ဘူးနော်။
ဖေါက်ဖေါက်ပြန်ပြန် လင်မယားကြားမှာ မရှိဘူးဆိုရင် ဘယ်လောက် အဆင်ပြေလိမ့်မလဲနော်။
မူးယစ်ထုံထိုင်းစေတဲ့အရာကို မသုံးစွဲဘဲနေနိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။ မိတ်ဆွေ တစ်ယောက် မကျန်းမမာဖြစ်လို့ သွားသတင်းမေးတော့ အိမ်မပျော်ဘူးတဲ့၊ အရက် နည်းနည်း သောက်ကြည့်ပါလားဆိုတော့ သေချင်သေသွားပါစေ အရက်ပါတဲ့ဆေးတောင်မှ မသောက်ဘူးလို့ ညင်းဆန်တာတွေ့ရဖူးတော့ အော်ဒီလိုလူစားမျိုး လဲရှိသေးတာဘဲလို့ တွေးမိတယ်။

Subscribe to:
Posts (Atom)